
ပျားရည်ကိုလိုသော် ပျားအုံကိုမဖျက်နှင့်
သင်ကိုယ်တိုင် ပြောင်းလဲပြုပြင် သွန်သင်ပေးချင်သော လူတစ်ဦးတစ်ယောက် ရှိပါ၏လော။ ရှိလျှင် ဤအကြံစည်သည် အလွန်ကောင်း၏။ ထိုအကြံစည်ကို ကျွန်ုပ်လည်း များစွာ ထောက်ခံပါ၏။ သို့ရာတွင် သူများကို မပြုပြင်မီ သင့်ကိုယ်ကို သင်စ၍ ပြုပြင်ရလျှင် သာ၍ မကောင်းပေဘူးလား၊ ဤလို အကြံပေးရခြင်းသည် သဝန်တိုရာရောက်၏။ သို့ရာတွင် သူများကို ပြုပြင်ခြင်းထက် ကိုယ့်ကိုယ်ကို ပြုပြင်ခြင်းသည် ပို၍ အကျိုးများရုံသာမက များစွာလည်း ဘေးကင်းပေသည်။
“ လူတစ်ယောက်သည် ကိုယ့်ကိုယ်ကို စ၍ ပြုပြင်လျှင် သူသည် အတော်အသင့် အဖိုးတန်လာပြီ ” ဟူ၍ ဘရောင်းနင်း က ပြောဖူးသည်။ သင်သည် သင့်ကိုယ့်ကို “ ရေပြည့်အိုး ” ဘဝသို့ရောက်အောင် ယခုကစ၍ ပြုပြင်လျှင် ခရစ်စမတ်ပွဲတော်လောက်ဆိုရင် နေရာကျကောင်းကျပေမည်။ ခရစ်စမတ်နှင့်နှစ်သစ်ကူးနေ့အတွင်း ရရှိသော အားလပ်ချိန်တွင် သင်သည် အနည်းငယ်အနားယူနိုင်၏။ နှစ်သစ်ကူးနေ့မှစ၍ ရရှိသော အချိန်များကို သူတစ်ဘက်သားအား ပြုပြင်ပြောင်းလဲရေးအတွက် အသုံးပြုနိုင်၏။
သို့ရာတွင် သင့်ကိုယ်ကို သင် “ ရေပြည့်အိုး ” ဖြစ်အောင် ပထမ ပြုပြင်ပါ။
“ သင်၏ ဘိနပ်ချွတ်တွင် မသန့်ရှင်းဘဲနှင့် သင်၏အိမ်နီးချင်း၏ ခေါင်မိုးပေါ်တွင်ရှိသော ဆီးနှင်းများကို အပြစ်မတင်ပါနှင့် ” ဟူ၍ ကွန်ဖျူးရှပ် ကပြောဖူး၏။
“ ထာဝရဘုရားသခင်ကိုယ်တိုင်ပင်လျှင် နောက်ဆုံးနေ့သို့ မရောက်သေးမီ လူတယောက်ကို ကောင်းမကောင်း ဆုံးဖြတ်ရန် မကြံရွယ်ပါခင်ဗျား ” ဟူ၍ ဒေါက်တာဂျွန်ဆင် က ပြောဖူး၏။
အဘယ်ကြောင့် သင်နှင့် ကျွန်ုပ်တို့ကား အပြစ်တင်စောချင်ရသနည်း။
မြင့်မြတ်သော လူတစ်ဦးသည် မိမိအောက် ယုတ်နိမ့်သောသူတို့အား ပြုမူပုံဖြင့် မိမိ၏ မြင့်မြတ်ပုံကို ထင်ရှားစေလေသည် ဟူ၍ ကာလိုင်း က ပြောဖူးလေသည်။
ဦးနု
မိတ္တဗလ ဋီကာ စာအုပ်
မိတ္တဗလ ဋီကာ စာအုပ်
No comments:
Post a Comment