Sunday, 18 February 2018

မသိန်းရှင်ဆီ ပို့ပေးပါ

 ဆရာ"နိုင်ဝင်းဆွေ"ရဲ့ "မသိန်းရှင်ဆီ ပို့ပေးပါ" ဆိုတဲ့ စာအုပ်

လူတစ်ယောက်ရဲ့ အသက်၊ လူတစ်ယောက် ရဲ့ ဘဝ၊ လူတစ်ယောက်ရဲ့ သံသရာခရီးဆိုတာလေ၊ ကိုယ်တို့မြန်မာနိုင်ငံကြီးမှာ ထန်းလျက်တောင်းကလေးတစ်တောင်းလောက်တောင် အဖိုးမတန်တဲ့အဖြစ် ၊ အရေးမပါတဲ့ အဖြစ် ။ အဲ့ဒီအဖြစ်တွေ ရှိခဲ့တယ်။ ဖြစ်ခဲ့တယ်။
တစ်ချိန်တစ်ခါက မှောင်ခိုခေတ် ရဲ့
``မသိန်းရှင်ဆီ ပို့ပေးပါ ´´


ရင်မောင်ရ သူတော်ကောင်းဆိုတာ ငတ်တာပဲ ၊ ငတ်တယ် ။ အေး ... မင်းက မှောင်ခိုတွေတင်လာရင် စိတ်ညစ်လာကော ၊ ဒါကို စိတ်ညစ်စရာလို့ မှတ်နေရင် ဒီအချိန် ဒီကာလမှာ ရဲဘော်ဟာ ဖောက်ပြန်နေတဲ့ ရဲဘော်ပဲ .....

    ဒီဝတ္ထုလေးက ၁၉၆၀ နှစ်များကို အခြေခံ ရေးဖွဲ့ ထားပါတယ်။ ၁၉၆၀နှစ်များအတွင်း တောင်တွင်းကြီး နယ်တစ်ဝိုက် ရထားစီး အခြေခံလူတန်းစားများရဲ့ စားဝတ်နေရေး ရုန်းကန်လှုပ်ရှားရပုံများကို တွေ့ရမှာ ဖြစ်ပါတယ်။
   ကျသင့်သော ရထားစီးခ၊ ကုန်တင်ခများ မပေးနိုင်၍ လက်မှတ်စစ်များ၊ ရထားရဲများအား ငွေထိုး၍ ခိုးစီးနင်းကာ ကုန်များကိုလည်းမှောင်ခို လိုက်တင်ရပြီး၊ အချို့  မှောင်ခို သမလေးများ၏ ဘဝကိုပါ ပေးလိုက်ရပုံ၊ လက်မှတ်စစ်သမား လေး ကိုရင်မောင်နှင့် ရထားစီး ကုန်စိမ်းသည် မှောင်ခိုသမလေး ညိုညို တို့၏ ရထားပေါ်မှ သံယောဇဉ် အချစ်ဇာတ်လမ်း တို့ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
   လှပ ပျိုမြစ်သော၊ ဆင်းရဲ နွမ်းပါးသော၊ မိသားစုကို လုပ်ကျွေးနေရသော ညိုညို ၊ ကိုရင်မောင်၏ ချစ်သူ ညိုညို ၊ညိုညို့ကို အခြား မှောင်ခိုသမလေးများလို ဘဝကိုပါပေးရမည့်အဆင့်ထိရောက်ရမှာကို စိတ်ပူသော၊စိတ်မချသော ကိုရင်မောင်၊ စိတ်မချသော်လည်း သာမန်ဝင်ငွေရှိသော သူကိုယ်တိုင်ကလည်း မကူနိုင်၊ မကယ်နိုင်၊ တတ်နိုင်သမျှသာ စောင့်ရှောက်ရင်း. . .
   ရထားလက်မှတ်စစ်များအပြင် ရထားရဲများကိုလည်း ကြောက်ရသော မှောင်ခိုသမားများ၏ ဘဝ၊ ကိုရင်မောင်၏ စောင့်ရှောက်မှုများကြားကပင် ရထားရဲ ထွန်းမောင်၏ ညိုညို့ကို ရိသဲ့သဲ့ ပြောဆိုဆက်ဆံမှုများ၊ ဒါတင်မက လူကိုပါ ကြံစည်ရန်ကြိုးပမ်းလာသဖြင့် ကိုရင်မောင်၏ အချိန်မီ ကယ်တင်လိုက်နိုင်သော်လည်း အခဲမကြေ ဖြစ်နေသော ထွန်းမောင်. . .
   နောက်ဆုံး ကိုရင်မောင်သည် ချစ်သူညိုညိုအား လုံးဝ စိတ်မချတော့ ပြီဖြစ်သောကြောင့် နောက်ပြသနာ နောက်ရှင်း၊ ဘာပဲ ဖြစ်​ဖြစ်​ လက်ထပ်တော့မည် တိုင်ပင်အပြီး လက်ထပ်ရန် ဆယ်ရက်ခန့်အလို ထန်းလျက်တောင်းမှောင်ခို တင်သည့် အခေါက်၊ စားခါနီးအမဲ သဲနှင့်ပက်ခံလိုက်ရသော ထွန်းမောင်တစ်ယောက် လက်စားချေရန် ရထားတွဲများပေါ်တွင် ညိုညို့ ကိုရှာ ဖမ်းခါနီး၊ ဟိုဘက်တွဲတွင် ရောက်နေသော ကိုရင်မောင်လည်းမြင်သဖြင့် ညိုညို့ကို ကူရန်ပြေးအလိုက်၊ ညိုညို လည်း ကြောက်ဇောဖြင့် ခိုးတင်လာသည့် ထန်းလျက်တောင်းကို ရွက်ပြီး ရထားပေါ်မှ ဆင်း ကျန်ရထားလမ်းများဘက်သို့အပြေး၊ တစ်ဖက်သံလမ်းမှ လာနေသော ရထားအူသံမကြားဘဲ ပြေးဝင်၊ လဲကျ ၊ရထားကြိတ်၊ တဆတ်ဆတ်တုန်နေသော အသားတစ်များ၊ ချစ်သူထွန်းမောင်ရောက်လာ၊ ပွေ့ထား။
သို့သော်လည်း ညိုညို ဘာကိုမှ မမြင်တော့၊ ချစ်သူကိုလည်း သတိမရတော့။ လူများဝိုင်းလာပြီး ဆရာဝန်လည်းရောက်လာ၊ ကယ်မရတော့ပြီ ဖြစ်သောကြောင့် သေတမ်းစစ်ချက်သာ ယူရန် ဆရာဝန်မှ ညိုညို့ကို နာမည်မေး ညိုညို့ အဖြေက " မသိန်းရှင် . . .မသိန်းရှင်" တဲ့ ။ နောက်ဆုံး ဗလုံးဗ​ထွေးဖြင့် ညိုညို ပြောသွားသည်ကား " မသိန်းရှင်. .မသိန်းရှင်.. . မသိန်းရှင်ဆီ ရောက်အောင်. . .ကျွန်မ ထန်းလျက်တောင်း . . . ပို့ . .ပို့ . ပေးကြပါ " တဲ့လေ ။
 ကိုရင်မောင်လည်း ဖြေဆည်မရဖြစ်ကာ ထွန်းမောင်အား အပြင်းထန်ဆုံး လက်သီးချက်များဖြင့် ထိုးသွင်းပြီး လူအုပ်ကြားမှ ပြေးထွက်ခဲ့ပုံဖြင့် ဝတ္ထု ကို အဆုံးသတ်ထားပါတယ်။
    စာရေးသူ၏ ဘွင်းဘွင်းရှင်းရှင်း ရေးသားချက်များနှင့်အတူ ရင်ထဲတွင် တစ်ခုခု ကျန်ခဲ့သော ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်လို့ ဖတ်ဖြစ်အောင် ဖတ်ကြပါလို့. တိုက်တွန်းလိုက်ရပါတယ်။





No comments:

Post a Comment

Comments

Contact Us

Name

Email *

Message *